``ရွှေတိဂုံစေတီတော်(၁၉၃၆)``

မြန်မာ အနုပညာ။
မောင်လာဘံ၏
``ရွှေတိဂုံစေတီတော်(၁၉၃၆)``....အမည်ရ ပန်းချီကား။
ဤပန်းချီဆရာနှင့် စပ်လျဉ်း၍ ပဟေဠိဆန်သော အချက်အလက်များမှာ ပြီးဆုံးမသွားခဲ့ပေ။ သူ၏ ``မြစ်ဧရာရှုမျှော်ခင်း`` ရေဆေးပန်းချီကားနှစ်ချပ်ကို ဤရက်များအတွင်း ကျွန်ုပ်တို့ တင်ဆက်ခဲ့ပြီးနောက် ရှားပါးသော စစ်ကြိုခေတ်လက်ရာဖြစ်သည့် သူ၏ ....``ရွှေတိဂုံစေတီတော်``အမည်ရသည့် ဤပုံကားလေးမှာ ``မောင်လာဘံ``ဆိုင်ရာ အပိုင်း-၃ ဟူ၍ ဆိုနိုင်ခဲ့ပေမည်။ အဘယ်ကြောင့် သူနှင့် သူ၏ အကြောင်းသည် လျှို့ဝှက်နေခဲ့ရပါသနည်း။ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီက သူ၏ လက်ရာများကို အခုလိုမြင်တွေ့ကြရသော်လည်း စစ်ကြီး ပြီးဆုံးချိန်တွင် ဤမောင်လာဘံသည်ကားဆိုလျှင် မြန်မာပန်းချီလောကကြားဝယ် အမည်အားဖြင့်ပင် မကြားရတော့သလောက် ဖြစ်သွားခဲ့ပုံရ၏။ ကြမ်းတမ်းသော စစ်ကြီးသည် မောင်လာဘံဆိုသူ ပန်းချီသမားတစ်ဦးအား ယိမ်းခါသွားစေခဲ့သလား၊ ........မန္တလေး ပန်းချီကျော် ဦးဘသက်သည်ပင် စစ်ကြီးအတွင်း သူ၏ ပုံကားများ ကြေမွပျက်စီးခဲ့ကြပြီးနောက် စစ်ပြီးခေတ်တွင် သူသည်ကားဆိုလျှင် ပန်းချီကားသစ်များ မရေးဖြစ်တော့သလောက် ဖြစ်သွားရကြောင်း......ကျွန်ုပ်တို့ မှတ်သားခဲ့ရဖူးပါပေသည်။ ....သို့နှင့် လျှို့ဝှက်သော ``မောင်လာဘံ``၏ ဝေးတမြေ ဂယ်လာရီတစ်ခုတွင် ရောက်ရှိနေခဲ့သည့် ရှားပါးလက်ရာ ဤပုံကားကို တင်ဆက်ရာဝယ် ပန်းချီမိတ်ဆွေများ ကျေနပ်နှစ်သက်ကြမည်...ဟု ကျွန်ုပ်တို့ ယုံကြည်မိပါကြောင်း။
—