တောသဘာဝ ရှုမျှော်ခင်း(၁၉၃၀ နှစ်များ

မန်မာ အနုပညာ။
ဦးဘသန့်၏
``တောသဘာဝ ရှုမျှော်ခင်း(၁၉၃၀ နှစ်များ)``......အမည်ရ ပန်းချီကား။
``....ဝါကြန်နေသော ပုံကားများ``အကြောင်း ကျွန်ုပ်တို့ တင်ဆက်ခဲ့စဉ်က ``Thant``ဟူ၍ လက်မှတ်ရေးထိုးထားသော ပဟေဠိရေဆေးပန်းချီ၏ လက်ရာပိုင်ရှင်သည် ဤဦးဘသန့်...ဖြစ်မည်လား.....ဟူ၍ တွေးဆချက်အသစ်တစ်ရပ်သည် တိုးလာခဲ့လေ၏။ ဤဦးဘသန့်ကရော....မည်သူများပါလဲ၊ သူသည် စစ်ကြိုခေတ် ပန်းချီဆရာတစ်ဦး၊ သူရေးဆွဲထားသည့် မော်လမြိုင်အနီးတဝိုက် ရှုခင်းကားအချို့ကို ကျွန်ုပ်တို့ လေ့လာခွင့်ရခဲ့၍ ....ဤသို့ဆိုလျှင် သူသည် ထိုမော်လမြိုင်သားတစ်ဦးပင် ဖြစ်နေမည်လား၊ ....သူ၏ ပုံကားအချို့သည် ဝေးတမြေပန်းချီစုဆောင်းသူ၊ ဂယ်လာရီများတွင် ထိန်းသိမ်းထားလျက်ရှိကြောင်း၊ ..... ထို့ထက်ပိုမိုကာ ကျွန်ုပ်တို့ သိနားလည်ခြင်းမရှိ။ .....ဤပုံကားသည် မော်လမြိုင်ရှုမျှော်ခင်း...ဟူ၍ ကျွန်ုပ်တို့ ဖော်ပြခဲ့သည့်အတိုင်း မုတ္တမပင်လယ်ကွေ့၊ ဂျိုင်းနှင့် အတ္ထရံမြစ်ဆုံအနီးတဝိုက်က တောကြိုရှိုမြောင်များကြားဝယ်၊ အပြာရောင်ကောင်းကင်ကြီးကို နောက်ခံပြုကာ ထင်းရှာ၊ ရေခပ်၊ ငါးမျှားနေကြသူ တောသူတောင်သားများ၏ ဓလေ့စရိုက်လေးကို ဦးဘသန့်က ပုံဖော်ထားလေရာတွင် ငြိမ်သက်အေးချမ်းခြင်း၊ တည်ငြိမ်လှပခြင်း...ဟူသော သန္တရသကို ကျွန်ုပ်တို့ ခံစားရ၏။ ဟိုအဝေးတောင်ခြေက ကျေးလက်နေအိမ်နှင့် ဥယျာဉ်ခြံမြေလေးသည်လည်း အပူအပင်ကင်းသူတို့၏ နေရာဒေသ၊ လောဘ-ဒေါသ-မောဟတရား အပူဓာတ်များ ကင်းပရာ ဒေသအငယ်စားလေးဖြစ်ဖွယ်ရာ ရှိလေသည်။ သို့နှင့် ရှားပါးသော စစ်ကြိုခေတ်လက်ရာ ရေဆေးပန်းချီကားတစ်ချပ်ကို ပန်းချီမြတ်နိုးသူ သင့်အတွက် ကျွန်ုပ်တို့ စီစဉ်တင်ဆက်လိုက်ရပေတော့သည်။