`နားသမင်္ဂလာ(၂၀၀၉)

ပေါ်သိမ်း၏
``နားသမင်္ဂလာ(၂၀၀၉)``....အမည်ရ ပန်းချီကား။
သူ့ကိုယ်သူ ``အညာသားတစ်ဦး``....ဟု မကြာမကြာ ညွှန်းဆိုလေ့ရှိသူ.....ခေတ်ပေါ်ပန်းချီဆရာ ပေါ်သိမ်း၏ လက်ရာများတွင် ``ဧရာဝတီ...၊ ....ထနောင်းပင်လေးများ၊ ....မြက်ခင်းဝါလေးများ``စသည်ဖြင့် အညာနှင့် မြန်မာရနံ့လေးများ ပျံ့နှံ့နေတတ်ကြလေသည်။ ဤပန်းချီဆရာတစ်ယောက် သူ၏ အညာမြေသို့ လွမ်းဆွတ်နေကြောင်းမှာ သိသာလှ၏။ .... ၁၉၇၀ နှစ်များကာလက သူသည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့ဖူးသူ၊ ``ဥဒေါင်းမင်း``အနုပညာဂယ်လာရီကို တည်ထောင်ခဲ့သူ၊ ၁၉၉၀ နှစ်များတွင် ဝေးတမြေဖြစ်သည့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိသွားခဲ့သူ၊ ...ထိုစဉ်နှစ်များက ``ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး``(မြန်မာ)စာအုပ် မျက်နှာဖုံး ရေးဆွဲခဲ့သူတစ်ဦး အဖြစ်လည်း ကျွန်ုပ်တို့ အမှတ်သညာထားမိခဲ့ပေသည်။ ....ဤပုံကားလေးကတော့ မြင်တွေ့ရခဲသော သူ၏ လူပုံတူကား တစ်ချပ်ဖြစ်ကာ ...၁၂-နှစ်အရွယ် သမီးငယ်လေးတစ်ဦး၏ နားသမင်းသမီးဝတ်စုံလေးနှင့် ချစ်ခင်ကြင်နာဖွယ် ပုံရိပ်လေးကို မြင်တွေ့ကြရမည် ဖြစ်လေ၏။ ခေတ်ပေါ်ပန်းချီဆရာတစ်ဦး၏ နုညံ့သော မျဉ်ဖြောင့်မျဉ်းကွေးများ၊ အထားအသိုကျနမှုနှင့်အတူ ဤပုံကားလေး၏ ရွှေရောင်ဝင်းပချက်များ....စသည်ဖြင့် အားရှိသော သူ၏ စုတ်ချက်များသည် သင်၏ စိတ်မနောကို ဆွဲငင်သွားဖွယ်ရာရှိသည်...ဟု ကျွန်ုပ်တို့ ထင်မြင်မိပေသည်။