မြန်မာ မိန်းမသားတစ်ဦး(၁၉၄၀ နှစ်များ)

ဦးသိန်းမောင်၏
``မြန်မာ မိန်းမသားတစ်ဦး(၁၉၄၀ နှစ်များ)``အမည်ရ ပန်းချီကား။
မြန်မာမိန်းမသားတို့၏ ``ဆေးလိပ်ဖက်ရှင်``သည် ကမ္ဘာသို့တိုင် ကျော်ကြားခဲ့ပုံရကာ ....ကျွန်ုပ်တို့က ယခုကဲ့သို့ မှတ်ချက်ပြုရခြင်းမှာလည်း ....ဟို...အင်းဝနေပြည်တော်ကာလဆီက မှတ်တမ်းမှတ်ရာများမှသည် စစ်ပြီးစအထိ ထိုကဲ့သို့သော ဓာတ်ပုံ၊ ပန်းချီနှင့် ....ဂျော့ အိုဝယ်လို စာရေးဆရာတို့၏ မှတ်စုများမှာအထိ ``ဆေးလိပ်ဖက်ရှင်``အကြောင်းကို မြင်တွေ့လေ့လာခဲ့ရခြင်းကြောင့်ပင် ဖြစ်လေတော့ရာ .....၁၉၄၀ နှစ်များနှောင်းပိုင်းဆီက ပေါ်ထွက်ခဲ့သည့် ဦးသိန်းမောင်၏ ဤပုံကားတွင်လည်း ကျွန်ုပ်တို့ ဖော်ပြခဲ့သည့် အဆိုပါဖက်ရှင်ကိစ္စကိုပင် ပဲ့တင်ထပ်လျက်ရှိနေပေတော့သည်။ ဦးသိန်းမောင်သည်ကားဆိုလျှင် ....မြန်မာပြည်ပန်းချီကလပ်၊ သို့မဟုတ် ရန်ကုန်ပန်းချီအသိုင်းအဝိုင်းနှင့် ခပ်လှမ်းလှမ်းမှာ ရှိနေသူတစ်ဦးလေလား....မသိရသည့်တိုင် သူ၏ အမည်သည် အတော်အတန် လူသိနည်းနေသေးသည်...ဟု ယူဆရကာ သူ၏ လက်ရာများသည်လည်း ပြည်တွင်းမှာထက် နိုင်ငံရပ်ခြား ပြတိုက်နှင့် ဂယ်လာရီများတွင် ရောက်ရှိနေသည်က များနေခဲ့လေရာတွင် ....ဤပုံကားလေးသည် ယခုအခါ ရှားပါးစာရင်းဝင် ရေဆေးလက်ရာဖြစ်နေခဲ့ခြင်းတွင် ကျွန်ုပ်တို့ ယုံမှားသံသယ မရှိ။ ....နှင်းဆီတစ်ပွင့်ပန်သော၊ ခန့်တည်၍ စည်းကမ်းကြီးပုံရသော၊ ....နီလာကြယ်သီးလေးများ၊ ....ရွှေဆွဲကြိုး၊ ရွှေလက်ကောက်လေးများနှင့် လူကုံထံအသိုင်းအဝိုင်းမှဖြစ်ပုံရသော ...ခေတ်နှောင်းတစ်နေရာက မြန်မာမိန်းမသားတစ်ဦး၏ လက်ရာမွန် ပုံတူကားကို တင်ဆက်ရာတွင် မိတ်ဆွေများ နှစ်သက်ကျေနပ်ကြမည်...ဟု ကျွန်ုပ်တို့ မျှော်လင့်မိပါကြောင်း။
with