မောင်ညိုဝင်း၏
``လက်ပံပွင့်ကောက်(၁၉၇၀ နှစ်များ)``အမည်ရ ပန်းချီကား။
အခုဆိုလျှင် .....မြန်မာပြည် နွေရာသီရက်များသည် စတင်နေခဲ့ပြီဖြစ်လေရာတွင် ငုဝါ၊ ပိတောက်ပင်တို့၏ အပွင့်ဝါဝါများ သည် သူတို့၏ ထုံးစံမပျက် ပွင့်လန်းလှပကြမြဲဖြစ်သည့်အတိုင်း......ဟိုအညာမြေတကြောတွင်မူ အပူပိုင်းပေါက်ပင်များဖြစ်ကြသည့် ပေါက်၊ လဲ၊ လက်ပံပင်များသည်လည်း သူတို့၏ အပွင့်နီနီများဖြင့် ဝေဆာဖူးဝေနေကြလောက်ပေပြီ။ သစ်ရွက်ကြွေများကြား၊ နွေရာသီ မြက်ခင်းဝါများကြားဝယ် မောင်ညိုဝင်း၏ ချစ်စရာ့ တောသူမယ်လေးတစ်ဦးကတော့ .....အပင်ရင်းမှာ ပြန့်ကြဲကျနေကြသည့် လက်ပံပွင့်လေးများကို တစ်ပွင့်ချင်း ကောက်ယူလျက်ရှိကာ ...စိတ်လက်ကြည်လင်ပျော်ရွှင်နေသည့် ......သူမသည် ပါးချိုင့်ပြုံးလေးနှင့်အတူ ကျေးလက်တေးတစ်ပုဒ်ကို ဆိုညည်းနေပုံရလေသည်။ ဤပန်းချီကားလေးသည် အညာမြေ၏ ဓလေ့ဘာသာလေးကို ဖော်ကျူးနိုင်ရုံသာမက အဝါ၊ လိမ္မော်နှင့် အနီရောင်များ၏ ဟာမိုနစ်ဖြစ်ခြင်း၊ အထားအသိုကျနခြင်းမှသည် ...ရာသီနွေလ အခါသမယအခြေအနေကို လွမ်းမောဖွယ်ရာဖြစ်အောင် ခြယ်ရေးနိုင်ခြင်း....ဟူသော သူ၏ အနုပညာသမ္ဘာကိုပါ ပြသနိုင်ခဲ့ကြောင်း၊ တကယ်တမ်း....ဤပုံကားမှာ နာမည်ကျော်``ရှုမဝ ရုပ်စုံမဂ္ဂဇင်း``မျက်နှာဖုံးပန်းချီဖြစ်ခဲ့၍ ထိုစဉ် ၁၉၇၀ နှစ်များဆီကပင် မောင်ညိုဝင်း၏ ဤအနုပညာလက်ရာလေးမှာ လူပြောများ၍ အထူးကျော်ကြားခဲ့သည်....ဟု ကျွန်ုပ်တို့ လေ့လာသိရှိရပါကြောင်း။